Monday, June 24, 2013

Villager from Tavoy District write a letter to O Thein Sein 24/06/2013

ထားဝယ် ပြည်သူ များ၏ အခက် အခဲကို သမ္မတထံ တိုင်ကြား


ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အကြောင်းအရာ - ထားဝယ်ခရိုင်၊ အညာဖျား ရေအား လျှပ်စစ် စီမံကိန်းရေကာတာ လုပ်ငန်းများကြောင့် ဒေသခံ ပြည်သူများ ဘေးဒုက္ခမှ လွတ်မြောက်၍ သောက ကင်းဝေးစွာ နေထိုင် ရှင်သန် နိုင်ရေး အတွက် ကာကွယ် ပေးပါရန် လျှောက်ထားခြင်း။
အထက်ပါ အကြောင်းအရာပါ ကိစ္စများကြောင့် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာ အုပ်စုရှိ အညာဖျားကျေးရွာ၊ ဒါးသွေးကျောက် ကျေးရွာ၊ ဆိပ်ချောင်း၊ ညောင်ချောင်း ၊ဥယျဉ်ကြီးရွာများနှင့် အိမ်ခြေလေးရာခန့်၊ ဥယျဉ်ခြံ မြေဧကပေါင်း တစ်သောင်းကျော်နှင့် လူဦးရေပေါင်း နှစ်ထောင်ခန့် စသည့်တို့ရေလွှမ်းမိုး နစ်မြုပ်မည့် အန္တရာယ်နှင့် ရင်ဆိုင် နေရပါသည်။ ရာဘာ၊ သီဟို၊ဆီအုန်း ကဲ့သို့ နှစ်ရှည် စိုက်ပျိုး သီးနှံများ အပြင် စပါး၊ ကွမ်းသီး၊ဒူးရင်းသီး၊ ဒညင်း၊ မရမ်း၊ သံပုရာ၊ ငှက်ပျော၊ မင်းဂွတ် ၊ကြက်မောက်၊ နာနတ်၊စုံပဒတ်၊ ကွမ်းရွက်၊ ငရုတ်၊ ဖာလာ၊ တောင်ထန်း၊ သင်္ဘောနှင့် တောတောင်ထဲ ပေါက်ရောက်နေသော ၀ါးကြီး၊ ၀ါးလတ်၊ ၀ါးငယ်များနှင့် ဟင်းသီးဟင်းရွက်များ၊ သားငှက် တိရိစ္ဆာန်များပါ ပြည့်စုံသော နေရာဖြစ်ပါသည်။
သဘာဝမြေ အနေအထားနှင့် မြေသြဇာ အထူး ကောင်းမွန်သော ဒေသဖြစ်သောကြောင့် ကွမ်းသီး၊ ဒူးရင်းစသောသီးနှံများမှာ အခြားဒေသများနှင့် မတူ အရည်အသွေး၊ အနံ့ အရသာနှင့်ပိုမိုပြည့်စုံ ကောင်းမွန်ပါသည်။ ထားဝယ် တစ်ခရိုင်လုံးတွင်ပင် ရှားပါးလှသောနေရာဖြစ်ပါသည်။
သားရဲ တိရိစ္တာန်များ၊ သစ်တော၊သစ်ပင်၊ သတ္တု စသော သဘာဝ အရင်းအမြစ်များ ပြည့်စုံသော နေရာဖြစ်ပါသည်။ ကွမ်းသီး တစ်မျိုးတည်းကိုပင် တစ်နှစ် ရရှိသည့် တန်ဖိုးမှာ သိန်းပေါင်း (၂)သိန်းကျော်ခန့် ဖြစ်ပါသည်။ (တွက်နည်း-တစ်ဧက ကွမ်းသီးပင်ရေ အနည်းဆုံး (၆၃၀)နှုန်း x တစ်ပင် တစ်နှစ် ၂.၅ ပိဿာ x တစ်ပိဿာ(၂၂၀၀ကျပ်) x ဒေသရှိ ဧက (၉၀၀၀) အနက် အခြားစိုက်ပင် ဧကမပါ ကွမ်းသီးခန့်မှန်းဧက (၆၃၀၀) ၏တစ်နှစ်ဝင်ငွေ =ကျပ်၂၁၈၂၉၅၀၀၀၀၀ သိန်း) အခြား စိုက်ပျိုး သီးနှံများမှ ရရှိဝင်ငွေများမပါသေးပါ။ မိမိတို့ဒေသတွင် နေထိုင် သူများ သာမက ပါတ်ဝန်းကျင်ဒေသများကပါအဆိုပါ ဥယျဉ်ခြံများအား မှီခို အားထားနေရပါသည်။ ရေကာတာဆောက်လုပ်၍ ဥယျဉ်များ ရေမြုပ် ဆုံးရှုံး ရပါက မိမိတို့ အတွက် များစွာနစ်နာစေမည် ဖြစ်သည်။
မိမိတို့ဒေသတွင် နေထိုင်သူများမှာ အဆိုပါ ဥယျဉ်ခြံမြေများ ဘိုးစဉ်ဘောင်ဆက်မှ ယခု လက်ထက် အထိ စိုက်ပျိုးကာ လုံးလုံး မှီခိုနေရပြီး ဘ၀တစ်သက်စာ အတွက်ပါ ဖူလုံ စေပါသည်။ သားသမီးများ နောင်ရေး အတွက်လည်း ဘ၀ ရပ်တည်နေထိုင်ရ န်အာမခံချက် ပြုနိုင်ပါသည်။ ဥယျဉ်ခြံများမှ အကျိုးဖြင့် ရပ်ရွာအတွင်း ဘာသာရေး၊လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများလည်း တိုးတက်လာပါသည်။ ရေကာတာသည်ခြင်ကြောင့်ဖြစ်သော ရောဂါနှင့် အခြား ကူးစက်ရောဂါများ၊ ၀မ်းရောဂါ၊ အရေပြားအောက်တွင် အဖုများ ဖြစ်ပြီး နောက်ဆုံး မျက်စိ ကွယ်သည်အထိ ဖြစ်စေသော ရောဂါများ ဖြစ်စေနိုင်ပါသည်။
သစ်တောများ ပြုန်းတီး ရေမြုပ် သွားခြင်းနှင့် အတူရှားပါးသားရဲ တိရိစ္တာန်များပါ မျိုးသုန်းပျောက်ကွယ်သွား နိုင်ပါသည်။ ရေကာတာ အောက်ပိုင်း ဒေသများမှာ ရေစီးရေလာ နည်းပြီး နှုန်းများမြေဆီများ မရရှိသဖြင့်စိုက်ပျိုးရေး ထိခိုက်နိုင်ပါသည်။ မိမိတို့ ဒေသမှာ မိုးများသော ဒေသဖြစ်သည့် အပြင် သစ်တောများ ပြုန်းတီးမှုကြာင့် ရေစီးအား လွန်ကဲပြီး အကြောင်းမတော်၍ ရေကာတာ ကျိုးပေါက်ပါက ပြည်သူအများရေလွှမ်းမိုးမှု ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ပါသည်။
ပြောင်းရွှေ့ရပါကမူလ အခြေအနေ မပျက် ပြန်လည် တည်ဆောက်ရန် မည်သို့မှ မဖြစ်နိုင်တော့ပါ။ မိမိတို့ကျေးရွာများတွင် နေထိုင်သူများမှာ မိမိတို့ ဘိုးဘေးများ လက်ထက် ကတည်းက တည်ထောင်နေထိုင် လာခဲ့သော မြေသြဇာအထူးကောင်း၍ သီးနှံများဖြစ်ထွန်းသော နေရာမှပြောင်းရွှေ့ရမည်ကို လုံးဝ မလိုလားပါ။ မူရင်းနေရာမှ အခြားသို့ ပြောင်းရွှေ့ရခြင်းမှာ မိမိတို့ အတွက် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ဖြစ်စေမည်ဖြစ်ပါသည်။ ရေကာတာမှ ရရှိမည့် အကျိုးအမြတ်မှာ ယခုလက်ရှိ နေထိုင်သူများ၏ ဆုံးရှုံး မှုများနှင့် မကာမိအောင် နစ်နာမှုများ လှပါသည်။ ယခုထိပင် ရေကာတာ စီမံကိန်း ဖော်ဆောင်နေသူများသည် ဒေသခံရွာသူ၊ ရွာသားများကိုဆိုးကြောင်း၊ ကောင်းကြောင်း စသည်များ အသိပး ညှိုနှိုင်းပြောကြားခြင်းမရှိသေးပါ။
သို့ဖြစ်ပါ၍ မိမိတို့ ဒေသခံများ စိတ်နှလုံး ထိခိုက် ခံစားနေရသော ဘေးမှ လွတ်မြောက်၍ သောကကင်းစွာ မိမိတို့နေရာတွင် ဆက်လက် ရှင်သန်နေရန်စဉ်းစား ဆုံးဖြတ်ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့်သနားခံ လျှောက်ထား အပ်ပါသည်။ မိမိတို့ ရပ်သူ၊ ရွာသားများ၏ လက်မှတ်များ၊မိမိတို့ ဒေသတွင် သဘာဝ ပေါက်ရောက်သော သဘာဝဆေးပင်များ၊ညာဖျားချောင်းအတွင်းရှိ ငါးအမျိုးအမည်၊ အလေ့ကျပေါက်ရောက်သော ပန်းများနှင့်သီးပင်စားပင်များ၊ သစ်အမျိုးစား၊ တောရိုင်းတိရိစ္ဆာန်စာရင်း၊သတ္တုစာရင်းတို့ကို ပူးတွဲပါအတိုင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment