Friday, March 14, 2014

Our livelihoods have been Destroyed -15/3/2014

ShweGin Kyauk Kyi Dam  ရွှေကျင် - ကျောက်ကြီး ရေလှောင်တာမံ
ဧရာဝတီနှင့် သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းများ ရပ်ရန် တောင်းဆို

By
မြန်မာနိုင်ငံရဲ့ အဓိက မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီနဲ့ သံလွင်မြစ်တွေပေါ်မှာ ရေကာတာ စီမံကိန်းကြီးတွေ တည်ဆောက်နေတာကို အမြန်ဆုံး ရပ်ဆိုင်းဖို့ နိုင်ငံအနှံ့က မြစ်ချောင်းအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

မတ် ၁၄ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့ အထိမ်းအမှတ် သံလွင်မြစ်ကို လွတ်လပ်စွာဆင်းခွင့်ပေးဖို့နဲ့ သံလွင်မြစ်ပေါ်က ရေကာတာတည် ဆောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ မြစ်ချောင်းအရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး သံလွင်မြစ်ပေါ်မှာ စုဝေးဆုတောင်းဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Myint Sone 1မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းမှာ ဒေသခံ ၃၀၀ လောက်စုဝေးပြီး သံလွင် ရေကာကာ အလိုမရှိကြောင်း စာတန်းတွေ ကိုင်ဆောင် ကြွေးကြော်ဆန္ဒပြခဲ့ကြသလို ဘာသာပေါင်းစုံ ဆုတောင်းပွဲလုပ်ခဲ့ကြတယ်လို့ ဒေသခံ ဦးကျော်ခင်က ပြောပါတယ်။

“ဘီးလူးကျွန်းနဲ့ မော်လမြိုင်နဲ့ကြား သောင်ပြင်ကြီးပေါ်မှာ အကုန်လုံး တွေ့ကြဆုံကြတယ်။ အဲဒီမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါကြတယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေက သူတို့ ခံစားချက်အမြင်တွေ ပြောတယ်။ နောက် ဖောင်မျှောတယ်။ ဆုတောင်းပွဲတွေ လုပ်တယ်။ ဗုဒ္ဓဘာသာရယ်၊ ခရစ်ယာန်ရယ်၊ အစ္စလာမ်ရယ်၊ ဟိန္ဒူဘာသာက ဘာသာရေးခေါင်းဆောင်တွေ ဆုတောင်းပွဲတွေ လုပ်ကြတယ်။”

သံလွင်မြစ်ပေါ် တည်ဆောက်မယ့် ရှမ်းပြည်နယ်က ကွမ်းလုံ၊ နောင်ဖာနဲ့ တာဆန်းရေကာတာ၊ ကယားပြည်နယ်က ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ်က ဟတ်ကြီး ရေကာတာစီမံကိန်းတွေကို ချက်ချင်း ရပ်တန့်ပေးဖို့ ဒေသခံ တိုင်းရင်းသား ၃ သောင်းကျော်နဲ့ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်ကလည်း လက်မှတ်စုပေါင်းရေးထိုး တောင်းဆိုခဲ့ကြပါတယ်။




ဒီလို လက်မှတ်စုဆောင်း တောင်းဆိုရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်အဖွဲ့ဝင် စိုင်းခေးဆိုင်က ပြောပါတယ်။

“လက်ရှိ သံလွင်ရေကာတာအပြင် အခြားရေကာတာတွေကို ရပ်တန်းက ရပ်ပေးဖို့ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရွှေ့ပြောင်းနေထိုင်ရတာတွေ၊ နောက်ပြီးတော့ သစ်တော ပြုန်းတီးမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ နောက် စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ သူတွေပေါ့နော်၊ နောက်ပြီးတော့ အကျိုးအမြတ် ပြန်ကြည့်ရင်လည်း လျှပ်စစ်ဓာတ်အား အသုံးပြုဖို့က ၁၀၀ မှာ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးဆိုတော့ အဲဒါအားလုံးက ကျနော်တို့ လူထုအတွက် အကျိုးမပြုတဲ့ စီမံကိန်းဖြစ်တယ်။ အဲဒါကြောင့် ဒါကို ရပ်တန်းက ရပ်ဖို့ ဆန္ဒရှိပါတယ်ခင်ဗျ။”

ဒီလို အလားတူပဲ ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံရေကာတာကို လုံးဝ ရပ်ဆိုင်းရေးအတွက် မန္တလေးက စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဦးဆောင်ပြီး တန်ဖဲရွာမှာ တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။

“စိမ်းရောင်စို အနေနဲ့ မြစ်ဆုံရေကာတာ ဖျက်သိမ်းနိုင်ဖို့အတွက် မြစ်ဆုံ dam ထာဝရ ဖျက်သိမ်းရေး မြန်မာပြည်သို့ အဓိဋ္ဌာန် ဆိုတဲ့ ကမ်ပိန်း ခေါင်းစဉ်နဲ့အတူ တန်ဖဲရွာ မြစ်ဆုံဒေသမှာ လှုပ်ရှားမှုလေးတခု လုပ်နေပါတယ်။ အဲဒီပွဲကို ဧရာဝတီတိုင်းက အဖွဲ့တွေရော ရန်ကုန်က အဖွဲ့တွေရော ဒီမြစ်ဆုံရေကာတာ ရပ်ဆိုင်းဖို့အတွက် စိတ်ပါဝင်စားတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ လုပ်နေပါတယ်။ မိုးကောင်း၊ ကသာက လူတွေလည်း ပူးပေါင်းပါဝင်ကြပါတယ်။”

၁၉၉၇ ခုနှစ် မတ် ၁၄ ရက်နေ့က ရေကာတာကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ နိုင်ငံပေါင်း ၂၀ မှ ကိုယ်စားလှယ်တွေ စုဝေးပြီး ဘရာဇီးနိုင်ငံမှာ နိုင်ငံတကာ အစည်းအဝေး ကျင်းပနိုင်ခဲ့တဲ့နေ့ကို ကမ္ဘာ့မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment